Monday, 22 December 2008

မျှော်လင့်ချက်မဲ့ အမှောင်ထဲမှာ (ဧရာဝတ)written by ကည်ဝေ


တလကျော် ကြာအောင် ဖျားနေပြီး ချောင်း တဟွတ်ဟွတ် ဆိုးလျက် ရှိသော၊ ခန္ဓာကိုယ် အနှံ့အပြားတွင် အရေပြား ရောင်ရမ်းနာ များဖြင့် ပြည့်နေသော အသက် ၃၂ နှစ်အရွယ် ကိုမောင်အေးကို ဒေးဒရဲဆေးရုံကြီးမှ သူနာပြုဆရာမလေးက သွေးစစ်ကြည့်ရန်အတွက် ရန်ကုန်မြို့သို့ စေလွှတ်လိုက်သည်။

ကိုမောင်အေးသည် ထဘီအနီဝတ် သူနာပြုဆရာမတဦး၏ နှစ်သိမ့်ဆွေးနွေးမှုကို ခေါင်းတွင်တွင် ငုံ့ထားရင်း နားထောင်လျှက်ရှိသည်။ သူသည် အေအိုင်ဒီအက်စ်နှင့် အိတ်ခ်ျအိုင်ဗီ ဆိုသည်ကို လွန်ခဲ့သော ၅ နှစ်ခန့်က ကြားဖူးခဲ့သော်လည်း ဘာရောဂါမှန်း၊ ဘာကြောင့် ဖြစ်မှန်း မသိခဲ့ချေ။

ကုန်စိမ်း ကုန်သည်တယောက်ဖြစ်သော သူသည် အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် တခါတရံ လိင်အပျော်အပါးလိုက်စားခြင်းများ ရှိခဲ့သည်။ သို့သော် ထိုသို့ လိင်အပျော်အပါးလိုက်စားရာတွင် ကွန်ဒုံ သုံးစွဲဖူးခြင်းမရှိခဲ့ဟု သူက ပြောဆိုသည်။

“ဆေးဆိုင်တွေမှာ ပုံတွေကပ်ထားတာတော့ မြင်ဖူးတယ်၊ ဒါပေမဲ့ ဘယ်လိုသုံးရမယ်၊ ဘယ်နေရာမှာ သုံးရမယ်ဆိုတာ မသိဘူး၊ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ရွာကိုလည်း ဘယ်သူကမှ လာပြီး ဟောပြောပညာပေးတာလည်း မရှိဘူး” ဟု ဖျာပုံမြို့နယ် ဒေးဒရဲ မြို့သား ကိုမောင်အေးက ပြောဆိုသည်။

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်တွင်းရှိ ကျုံဒတ်ကျေးရွာကဲ့သို့ပင် ရန်ကုန်တိုင်း တွံတေးမြို့နယ် အတွင်းရှိ ကျေးရွာတချို့တွင်လည်း ယနေ့ အချိန်ထိ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမှ လာရောက် ပညာပေး ဟောပြောခြင်းမရှိခဲ့ကြောင်း အဆိုပါ ကျေးရွာမှ ကာလသား ခေါင်းဆောင်တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ နယ်ဒေသအချို့တွင် အိတ်ခ်ျအိုင်ဗီဆိုသည်ကို ကြားဖူးရုံသာ ကြားဖူးပြီး မည်သည့်အတွက်ကြောင့် ဖြစ်ရသည်၊ ဘယ်အခြေအနေမှ ကူးစက်သည်ကိုပင် မသိသော၊ မကြားဘူးသော နယ်သားများ အများအပြားရှိနေသေးသည့်အတွက် အန္တရာယ်ရှိသော အနေအထားဖြစ်နေကြောင်း နယ်လှည့် ဆေးကုအဖွဲ့တခုမှ သူနာပြုဆရာမ နော်ဆယ်ဝါးက ပြောပြသည်။

“ဝေးလံတဲ့နယ်တွေ မပြောနဲ့ ရန်ကုန်တိုင်းထဲက ကော့မှူး၊ တွံတေးတို့ ကွမ်းခြံကုန်းတို့လို နေ့ချင်းပြန် ခရီးသွားလို့ ရနေတဲ့ နေရာတွေမှာတောင် ကျန်းမာရေးအသိ အထူးသဖြင့် အိတ်ခ်ျအိုင်ဗီနဲ့ ပတ်သက်ပြီး ဗဟုသုတ တော်တော်နည်းနေတာ တွေ့ရတယ်။ ဒီထက် ပိုပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာဒေသက လူတွေဆိုရင်တော့ ပိုဆိုးမယ်” ဟု သူကဆိုသည်။

ဆရာမ နော်ဆယ်ဝါးသည် နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့သော ဒေသများသို့ မေလ ၁၀ ရက်နေ့မှစပြီး လိုက်လံဆေးကုသပေးခဲ့ရာ ရန်ကုန်တိုင်းအတွင်းရှိ သန်လျင်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့်ဒေသများနှင့် ဧရာဝတီတိုင်းမှ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ ပြင်စလူ စသည့်ဒေသများသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုဒေသများအတွင်း နေထိုင်ကြသူများမှာ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နှင့် ပတ်သက် သော ဗဟုသုတ နည်းပါးကြပြီး ပိုးကူးစက်ခံရကာ ပုန်းအောင်းနေသော ဝေဒနာရှင်များ ရှိသည်ကို တွေ့ရသည်ဟု ဆိုသည်။

ထိုသူများကို ရန်ကုန်ရှိ အဖွဲ့အစည်းများထံသို့ စေလွှတ်ရာတွင် ခရီးစရိတ်၊ နေစရာ၊ စားစရိတ် စသည့် အခက်အခဲများကြောင့် လူနာအများစုမှာ မသွားဘဲ နေကြကြောင်း အဆိုပါ သူနာပြုဆရာမက ပြောသည်။


မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှုရောဂါနှင့် ပတ်သက်ပြ်ီး ကာကွယ်တားဆီးရေး လုပ်ငန်းများ ကို လုပ်ဆောင်ရာတွင်လည်း နယ်ဒေသများထိ နှံ့နှံ့စပ်စပ် ၀င်ရောက်လုပ်ဆောင်နိုင်မှု အပိုင်းမှာ လည်း အားနည်းလျှက်ရှိပြီး ကုသရေးပိုင်းတွင်လည်း ရန်ပုံငွေအခက်အခဲနှင့် ဆေးဝါးရရှိရေး အခက်အခဲများကြုံတွေ့နေရသောကြောင့် သေဆုံးမှုများ ရှိနေကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ဆရာဝန်တဦးက ရှင်းပြသည်။

အန်ဂျီအိုများအနေနှင့် အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နှင့်ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပမည်ဆိုလျှင် အစိုးရထံသို့ ခွင့်ပြုချက်အဆင့်ဆင့်တင်ရခြင်း၊ လူဦးရေ ကန့်သတ်ပေးခြင်း၊ နေရာဒေသ ကန့်သတ်မှုများရှိနေခြင်းတို့ အပြင် နယ်ဒေသများသို့ သွားရောက်ပညာပေးမည် ဆိုလျှင်လည်း သွားရောက်ခွင့်ကို အဆင့်ဆင့် တောင်း ခံရခြင်း တို့ကြောင့် အိုင်အန်ဂျီအို၊ အန်ဂျီအို အများစုတို့မှာ အစိုးရနှင့်သင့်မြတ်စေရေးကိုသာ အဓိက ထားလာကြပြီး ကာကွယ်တားဆီးရေး လုပ်ငန်းများတွင်ပါ အားနည်းလာကြကြောင်း သူကဆိုသည်။

“ဥပမာ တခုအနေနဲ့ ပြောရရင် အန်အယ်လ်ဒီ လူမှု ထောက်ကူအဖွဲ့က မဖြူဖြူသင်းတို့ လုပ်နေတာတွေကလည်း လူနာတွေအတွက် တထောင့်တနေရာကနေ အားဖြစ်စေတယ်။ ဒါကို အစိုးရက အန်အယ်လ်ဒီက လူတွေ ဖြစ်လို့ မလုပ်ရဘူးဆိုပြီး ဖမ်းတာဆီးတာတွေ၊ ဖြစ်လာတာကလည်း တော်တော့်ကို ဆိုးတယ်။ ဒါမျိုး အမှားတွေ တော်တော်များများကို အစိုးရက ကျူးလွန်ခဲ့တာ” ဟု ၎င်းအဖွဲ့မှ တခြား ဆရာဝန်တဦးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၌ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင်သာ အားနည်းလျှက် ရှိသည် မဟုတ်ဘဲ ကုသရေးပိုင်းတွင်လည်း စိန်ခေါ်မှုကြီး ဖြစ်နေပေပြီ။

မြန်မာနိုင်ငံ၏ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ၁၉၈၅ ခုနှစ်တွင် စတင်ခဲ့သော်လည်း ယနေ့ နှစ်ပေါင်း ၂၀ကျော်လာသည့်တိုင် လိုအပ်ချက်များ ရှိနေခြင်းမှာ ရန်ပုံငွေ အခက်အခဲများကြောင့် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၊ အမျိုးသားရောဂါ ကာကွယ်တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

“ကာကွယ်တားဆီးရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေက ထိုက်သင့်သလောက်ရှိပေမယ့် အေအာဗီဆေး လိုအပ်နေတဲ့သူတွေအတွက်ကတော့ ရန်ပုံငွေတွေ လိုနေတာ အမှန်ပဲ။ အဲဒါက ကျနော်တို့အတွက် အကြီးစား စိန်ခေါ်မှုကြီးဖြစ်နေတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လွန်ခဲ့သော နှစ်က မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့် ဆက်စပ်သော ရောဂါကြောင့် သေဆုံးသူပေါင်း ၂၅၀၀၀ ခန့်ရှိပြီး ထိုသူများမှာ အေအာဗီဆေး လိုအပ်သူများ ဖြစ်ကာ ဆေးဝါးရရှိမှု ခက်ခဲသောကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အေအာဗီဆေး လိုအပ်နေသော ဝေဒနာသည်ပေါင်း ၇၆၀၀၀ ခန့်ရှိပြီး ဆေးရရှိနေသော ဝေဒနာရှင်များမှာ ရရှိရန် လိုအပ်လျက်ရှိသော ဝေဒနာရှင်များ၏ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု MSF ၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် အေအာဗီဆေးကို အများဆုံးပေးလှူနေသော အဖွဲ့အစည်းမှာ MSF ဖြစ်ပြီး ဝေဒနာရှင်ပေါင်း ၁၁၀၀၀ ကို အခမဲ့ပေးလှူကုသလျက်ရှိပြီး ၄၀၀၀ ခန့်ကို ကုလသမဂ္ဂနှင့် လူမှုကူညီရေး အဖွဲ့အစည်းများက အစိုးရထံမှတဆင့် ကူညီ လှူဒါန်းလျက် ရှိကြောင်း သိရသည်။

၂၀၀၆ ခုနှစ်တွင် အေအာဗီ ရရှိသော ဝေဒနာရှင်ပေါင်း ၆၅၇၇ ဦးသာရှိပြီး ယနေ့လက်ရှိ ရရှိသူပေါင်းမှာ ၁၅၀၀၀ ခန့်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒိအက်စ်နှင့် ပတ်သက်ပြီး အစိုးရ၏ ရန်ပုံငွေ ထည့်ဝင်မှုမှာ မရှိသလောက်ပင် နည်းပါးလျက်ရှိကြောင်းနှင့် ကာကွယ် တားဆီးရေး လုပ်ငန်းများတွင် ပါဝင်မှုမှာ မရှိသလောက်ပင် နည်းပါးလျက်ရှိကြောင်း အိုင်အန်ဂျီအို အဖွဲ့အစည်းတခုမှ ဆရာဝန်ကြီးတဦးက ဝေဖန်သည်။

၎င်းလုပ်ငန်းများကို ၁၉၉၁ ခုနှစ်မှ စတင်၍ ပြည်တွင်းပြည်ပ လူမှုကူညီရေး အဖွဲ့အစည်း များနှင့် အားတက်သရော လုပ်လာကြသော်လည်း အစိုးရ၏ အကူအညီမရရှိသည့်အပြင် လုပ်ငန်းတွင်း နှောင့်နှေးမှုများဖြစ်စေရန် ကန့်သတ်မှုများရှိလာသောကြောင့် တချို့မှာ လုပ်ငန်းပြကောင်းရုံသာ ဆောင်ရွက်လာကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်နှင့်ပတ်သက်ပြီး ဆေးဝါးကုသမှု ပေးနိုင်သော ဆေးရုံကြီးမှာ ၂ ခုသာရှိပြီး တခုမှာ ကုတင် ၁၀၀ ဆန့် မြောက်ဥက္ကလာပ ဝေဘာဂီ ဆေရုံကြီးနှင့် ကုတင် ၅၀ ဆန့် မင်္ဂလာဒုံ ဆေးရုံကြီးတို့ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ ဗိုင်းရစ်ပိုးနှင့်ပတ်သက်ပြီး ကူးစက်ခံရသူကို ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ခဲ့ရပြီး အေအိုင်ဒီအက်စ် ဖြစ်ပွားနေသူကို ၁၉၉၁ ခုနှစ်တွင်စတွေ့ခဲ့ရကြောင်းနှင့် ကာကွယ် တားဆီးရေးလုပ်ငန်းများကို ၁၉၈၉ ခုနှစ်ကတည်းက စတင်ခဲ့ကြကြောင်း သိရှိ ရသည်။

ရင်ဝယ်မချိသော ဆုံးဖြတ်ချက်များစွာ(ဧရာဝတီ)written by ကြည်ဝေ

E-mail Print
အလင်းရောင် ကောင်းစွာ မ၀င်သော အစိုးရ သံမဏိ စက်ရုံတခု၏ အလုပ်သမား လိုင်းမှ အခန်းကျဉ်းလေး တခုထဲတွင် “အမေ ... နာတယ် နာတယ်” ဟု ညည်းညူရင်း ချွေးစေးများ ထွက်နေသော အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူကို ကြည့်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် သောက ဝေနေသည့် မိခင်ဖြစ်သူက ချွေးသုတ် ပေးကာ ယပ်တောင်ကိုသာ အတွင်ခပ်ပေးနေခဲ့သည်။

တဖြည်းဖြည်းနှင့် သမီးမျက်နှာမှာ သွေးဆုတ်စပြုလာပြီး အသံများ တိုးတိမ်သွားရာ အမေဖြစ်သူမှာ ထိတ်လန့် တုန်လှုပ်လာပြီး ဘေးပတ်ဝန်းကျင်က အခန်းများဆီသို့ အော်ဟစ်အကူအညီ တောင်းမိတော့သည်။

ဘေးပတ်ဝန်းကျင်က သိပြီဆိုသည်နှင့် ထိုအဖြစ်အပျက်ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ဒေါ်အေး တယောက် မတွေးဆရဲတော့။ သမီးဖြစ်သူက ဗိုက်ထဲမှ ၃လအရွယ် သန္ဓေသားကို အရပ်လက်သည် အမျိုးသမီး၏ အကူအညီနှင့် မနေ့ကပင် ဖျက်ချ ခဲ့သည် မဟုတ်လား။ မြန်မာနိုင်ငံတွင် တရားမ၀င် ကလေးဖျက်ချခြင်းမှာ ရာဇ၀တ်မှုတခု ကျူးလွန်ခြင်းပင်။

ကိုယ်ဝန်သုံးလကို လက်သည်နှင့် ဖျက်ချမည်ဟု သမီးပြောတုန်းက သူမအနေနှင့် မတားမိခဲ့ပါဟု ဒေါ်အေးက ပြောဆိုသည်။

“သူ့မှာက ကလေးကလည်း ၂ ယောက်တောင်ရှိတယ်၊ ပြီးတော့ အကြွေးတွေလည်း ရှိသေးတယ် ဆိုတော့ ကျမလည်း မလုပ်ကောင်းဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် မတတ်သာတဲ့အဆုံးမှာ ကျမလည်း .. မတားမိတော့ တာပါ” ဟု ပြောရင်း ငိုရှိုက်လေတော့သည်။

သူမ၏ သမီးမှာအဆိုပါ စက်ရုံမှ လစာနည်း ၀န်ထမ်းတဦးဖြစ်ပြီး ခင်ပွန်းသည်မှာလည်း သူမလိုပင် လစာနည်း အစိုးရ၀န်ထမ်းတဦး ဖြစ်သည့်အတွက် စားဝတ်နေရေးတွင် အခက် အခဲဖြစ်လျက်ရှိကြောင်း၊ ထိုကာလတွင် တတိယမြောက်ကိုယ်ဝန် ရလာသည့်အတွက် အရပ်ကြေးစား လက်သည်တဦးထံတွင် ကိုယ်ဝန်ဖျက်ချခဲ့ပြီး နှစ်ရက်မြောက်နေ့တွင် ဗဟိုအမျိုးသမီး ဆေးရုံသို့ ရောက်ရှိလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆေးရုံတွင် သွေးဆိပ်တက်နေသော ဝေဒနာနှင့် ဆေးဝါးကုသမှု ခံနေရသော အမျိုးသမီးမှာ စက်ရုံမှ အလုပ်ပြုတ်မည့်အပြင်၊ ကိုယ်ဝန်ဖျက်ချသည့်အတွက် ဥပဒေအရ တရားစွဲဆိုခြင်းခံရကာ ပြစ်ဒဏ် ၃ နှစ် ကျခံရမှာ ဖြစ်ကြောင်း သူက ပြောပြသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးအများစုမှာ သားဆက်ခြားနည်း များနှင့်ပတ်သက်ပြီး ဗဟုသုတနည်းပါးခြင်း၊ ငွေကြေး မပြည့်စုံခြင်းတို့ကြောင့် ကြိုတင် စီစဉ်ပြင်ဆင်ထားခြင်း မရှိသော ကိုယ်ဝန် ဆောင်ခြင်း၏ ဆိုးကျိုးကို ခံစားကြရသည်။

ဆေးရုံသို့ ကိုယ်ဝန်ဖျက်ချကာ ရောက်ရှိလာသော အမျိုးသမီးများ အများအပြား ရှိနေကြောင်း ရန်ကုန် အမျိုးသမီးရောဂါ အထူးကု ဆရာဝန်ကြီးတဦးက ပြောသည်

“အခု ဆေးရုံရောက်လာတဲ့ မိန်းမတွေမှာ ၁၀ ယောက်ရှိရင် ၇ ယောက်က ကိုယ်ဝန် ဖျက်ချ လိုက်လို့ ရောက်လာတာပဲ။ တနှစ်ထက်တနှစ်တိုးလာတယ် အဲဒီ လူနာအမျိုးအစားက လွန်ခဲ့တဲ့ ၂၀၀၄ ကနဲ့ စာရင် ၃ ဆရှိတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကထက်စာရင် ၈ ဆ နီးပါး လောက် ရှိပါတယ်” ဟု သူက ဆိုသည်။

ဆက်လက်၍ သူက ကိုယ်ဝန်ဖျက်ချကျသော အမျိုးသမီးအများစုမှာ ဆင်းရဲနွမ်းပါးပြီး ကလေးအရေအတွက် များသူ အိမ်ထောင်သည် သားသည် အမေများ ဖြစ်ကြသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။

၎င်းတို့အနေနှင့် ထုံးတမ်းစဉ်လာအရ ကိုယ်ဝန်ဖျက်ချခြင်းသည် ဘာသာရေးအရ သူတပါး အသက်ကို သတ်ခြင်းဖြစ်ကြောင်း နားလည်ထားသည့်ပြင် ဥပဒေအရပါ ပြစ်ဒဏ်ခံရမည်ကို သိနေသော်လည်း နောက်ဆုံး ကြံရာမရသဖြင့် ဖျက်ချကြခြင်းဖြစ်သည်ဟု ဆရာဝန်ကြီးက ပြောဆိုသည်။

ကိုယ်ဝန်ဖျက်ချသော အမျိုးသမီးအများစုသည် အရပ်လက်သည် များနှင့် မိရိုးဖလာ ဆေးမြီးတိုများကို အသုံးချကြသည်။ အမျိုးသမီးတချို့မှာ ပြည်တွင်းဈေးကွက်တွင် ကိုယ်ဝန်ဖျက်ဆေးအဖြစ် နာမည်ကြီး လျက်ရှိသော ကေသီပန်၊ စိန်ကုလားသွေးဆေး၊ နှစ်ခွက်ဆေး စသည့် ပူစပ်သော သွေးဆေးပြင်းများကို အရက်နှင့်ရောသောက်ခြင်း၊ ချင်းနှင့် ထန်းလျက်ကို ရောကြိုသောက်ခြင်း၊ ငရုတ်ကောင်းနှင့်ရေနွေး ရောစပ်သောက်ခြင်း တို့ ပြုလုပ်ကြသည်ကို တွေ့ရသည်။

အရပ်လက်သည်အများစုမှာ ဆီးခုံရိုး နေရာကို နှိပ်နင်းခြင်း၊ ထုရိုက်စေခြင်း၊ ၀မ်းဗိုက်ပြင် အရေပြားမှတဆင့် သားအိမ်ကို ပြင်းထန်စွာ နှိပ်ခြင်း စသည့်နည်းများ သုံးကာဖျက်ချပေးကြပြီး သားအိမ်ထဲသို့ ဖဲထီးရိုးများ၊ တုတ်တံများ၊ စက်ဘီးစပုတ်တံများ၊ သစ်ကိုင်းများထည့်ခြင်းဖြင့် သားအိမ်ထဲမှ သန္ဓေသားကို ထိခိုက် ပျက်စီးအောင် လုပ်ခြင်း စသည့် နည်းလမ်းများကို အသုံးပြုလျက်ရှိသည်ကို တွေ့မြင်ရကြောင်း ဆရာဝန်များ၏ ပြောပြချက်အရ သိရှိရသည်။

ထိုနည်းများကို အသုံးပြုသူများသည် သားအိမ်ပေါက်ခြင်း၊ သားအိမ်ထဲတွင် သေဆုံးပြီး သန္ဓေသား၏ အပိုင်းအစများ ကျန်ရစ်ခဲ့ခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း၊ သွေးလွန်ခြင်း၊ သွေးဆိပ်တက်ခြင်း စသည့် ရောဂါများဖြစ်ပွားကြပြီး အသက်သေဆုံး သည်အထိ ဖြစ်လာကြသည်ကို တွေ့မြင်ရကြောင်း သိရှိရသည်။

“အဓိကကတော့ ဆင်းရဲကြပ်တည်းကြတာနဲ့ ၀င်ငွေနည်းပါးကြတာကြောင့်ပဲ။ နောက်တချက် က သားဆက် ခြားနည်းဆိုင်ရာ ဗဟုသုတပိုင်းမှာ အားနည်းတာ၊ လွတ်လပ်ပွင့်လင်းမှု မရှိတာနဲ့ အလုပ်အကိုင်ရရှိမှု ခက်ခဲ တာတွေက အခုခေတ်ရဲ့ ကိုယ်ဝန်ဖျက်ချရခြင်း အကြောင်းရင်း တွေပဲ" ဟု သားဖွားနှင့်မီးယပ် အထူးကု ဆရာဝန်ကြီးတဦးက ပြောဆိုသည်။

ကိုယ်ဝန်ဖျက်ချကြသော အမျိုးသမီးများမှာ အသက် ၂၅ နှစ်မှ ၄၀ ၀န်းကျင်အရွယ် အမျိုးသမီးများဖြစ်သည်ကို တွေ့ရသည်ဟု သူက ဆက်ပြောသည်။

ခုတင်တလုံးပေါ်တွင် ကွေးအိပ်ရင်းနာကျင်မှု ဝေဒနာကို အံကြိတ်ခံစားနေသော မမာလာက “ကျမမှာ သားလေး ၁ ယောက်ရှိတယ်။ အခု ဒီဖျက်ချလိုက်တဲ့ ကိုယ်ဝန်က ဒုတိယမြောက်ပါ။ ဒီကလေးကို မွေးလိုက်ရင် ကျမ အလုပ်ပြုတ်မှာ သေချာတယ်။ အဲဒါကြောင့် မဖျက်ချင်ဘဲ ဖျက်ချလိုက်တာပါ” ဟု ပြောပြသည်။

သူအလုပ်လုပ်သော ရေသန့်စက်ရုံက အလုပ်စ၀င်စဉ်ကတည်းက အိမ်ထောင်ရှိသည်ဟု ဆိုသောကြောင့် မီးဖွားခွင့်မရှိ၊ ကိုယ်ဝန်ရှိလျှင် အလုပ်ထွက်ရမည်ဟု ကြိုတင်ပြောဆို ထားသောကြောင့် ယခုကဲ့သို့ ကိုယ်ဝန်ကို ဖျက်ချလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်ထောင်ရှိသော အမျိုးသမီးများအနေနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည့်ပြင် ယနေ့ခေတ် အလုပ်ရှင်များက အိမ်ထောင်သည်အမျိုးသမီးများအား အလုပ်ခန့်ရာတွင် ကိုယ်ဝန် ဆောင်ပါက မွေးဖွားခွင့် ၄၅ ရက်နှင့် ထို ၄၅ ရက်အတွက် လစာ အပြည့် ပေးရမည် စိုးသောကြောင့် ကိုယ်ဝန်ဆောင်လျှင် အလုပ်ထွက် ရမည်ဟု ကြိုတင် သတိပေးထားလေ့ ရှိသည်။

သားဆက်ခြားနည်း အမျိုးမျိုး ရှိသည့်အနက် ဈေးအသက်သာဆုံး သားဆက်ခြားနည်း ဖြစ်သည့် ဆေးပြား စားသုံးခြင်း ဆိုသည်ပင် တကတ်လျှင် လက်လီဈေးကွက်၌ အနည်းဆုံး ငွေကျပ် ၇၀၀ ဈေးပေါက်လျက် ရှိသောကြောင့် ၀င်ငွေနည်းပါးသူများမှာ ရေရှည်မသုံးစွဲနိုင်ကြောင်း သိရသည်။ ထို့ပြင် ၎င်းဆေးကတ်မှာ အမျိုးသမီးတိုင်းနှင့် မတည့် သည့်အတွက် တချို့သာ သုံးစွဲနိုင်သည်။

တခြားသားဆက်ခြားနည်း တခုဖြစ်သော လစဉ် သားဆက်ခြားဆေး ထိုးမည် ဆိုပါကလည်း တလခံဆေး၊ နှစ်လခံဆေးနှင့် သုံးလခံဆေး ဟူ၍ရှိရာ ကုန်ကျစရိတ်အနေနှင့် ဆေးဖိုးနှင့်ထိုးခ အနည်းဆုံးကျပ် ၁၅၀၀ မှ ကျပ် ၃၀၀၀ ထိ ကုန်ကျသောကြောင့် ၀င်ငွေနည်း မိသားစုများမှ အမျိုးသမီးများ အသုံးပြုနိုင်မှု နည်းပါးသည်ကို တွေ့မြင်ရသည်။

ထို့ပြင် သားသမီးများသောကြောင့် သားကြောဖြတ်မည်ဆိုပါကလည်း အစိုးရက ကန့်သတ် ထားသော ဥပဒေများရှိသောနေရာ အသက် ၃၅ နှစ်အောက် အမျိုးသမီးများ သားကြော ဖြတ်ခွင့်မရဟု သိရသည်။

တခြားသားဆက်ခြားနည်းတခုဖြစ်သည့် ကွန်ဒုံးသုံးစွဲနည်းမှာလည်း ၀င်ငွေနည်း မိသားစုများ အတွက် အဆင်မပြေကြောင်း သိရှိရသည်။ ကွန်းဒုံးတခု၏ လက်ရှိပေါက်ဈေးမှာလည်း လက်လီ ဈေးကွက်တွင် ကျပ် ၂၀၀ နှင့်အထက် ရှိနေရာ တနေ့လုပ်အားခငွေ ကျပ် ၁၅၀၀ သာရသော အလုပ်သမားများအနေနှင့် ၀ယ်ယူ သုံးစွဲနိုင်သည့် အင်အားမရှိပေ။

ကိုယ်ဝန်ဖျက်ချပေးသည့် အရပ်လက်သည်များ၏ ဈေးနှုန်းမှာ ကျပ် ၅ ထောင်မှ ကျပ် ၂ သောင်းထိ ရှိသည်။ ကျန်းမာရေးမှူး သို့မဟုတ် သူနာပြုဆရာမ စသော ဆေးဝန်ထမ်း များထံတွင်ပြုလုပ်ပါက ပိုလုံခြုံမှုရှိပြီး ဈေးနှုန်းမှာလည်း အနည်းဆုံးကျပ် ၅ သောင်းမှ ၁ သိန်းထိ ပေးရသောကြောင့် ၀င်ငွေနည်းပါးသူများ မလုပ်နိုင်ကြောင်း သိရှိရသည်။

ကိုယ်ဝန်ဖျက်ချသူ အများစုမှာ ဈေးသက်သာသော အရပ်လက်သည်များထံတွင်သာ ဖျက်ချကြ သောကြောင့် ဆေးရုံရောက်ရခြင်း၊ အသက်သေဆုံးရခြင်းများ ရှိလာသည်။

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇ၀တ်မှု တခုအဖြစ် သတ်မှတ်ထားပြီး ကိုယ်ဝန် ဖျက်ချသူနှင့် ဖျက်ချပေးသူများကို ထောင် ဒဏ် ၃ နှစ်နှင့်အထက် သတ်မှတ်ကာ ထောင်ဒဏ် ရော ငွေဒဏ်ပါ နှစ်မျိုးစလုံး အပြစ်ပေးလျက်ရှိကြောင်း သိရှိရသည်။